“ Simplicity is the best.”
အဲဲဒီစကားလုံးကိုသူအမြဲခဏခဏပြောတယ်။အပြောနဲ့အလုပ််မညီညွတ်တဲ့လူတွေထဲမှာလည်း သူမပါတာကတော့ သေချာတယ်။ သူက အနေရှင်း၊ အတွေးရှင်း ၊ အရေးရှင်းတဲ့သူပဲ။
အဲဒီလိုတွေ ရိုးရှင်းဖို့ဆိုတာကလည်း တမင်သက်သက်လုပ်ယူလို့ရထားတာ မဟုတ်ပြန်ဘူး။
သူ့ရဲ့ အတွင်းစိတ်၊ ဗီဇစိတ်သဏ္ဍာန်ကကိုပဲ ပင်ကိုယ်အရှိတရားတခု ဖြစ်နေပြန်တယ်။
အဲဒီ “သူ” ဟာ “အောင်မြင့်” ပဲ။ အောင်မြင့်’ ပန်းချီတွေ အများကြီးရေးတယ်။ စာအနည်းအပါးရေးတယ်။ပန်းပုတွေ၊တပ်ဆင်မှုအနုပညာတွေ၊တင်ဆက်မှုအနုပညာ(ပါဖောင်းမန့်
)တွေ၊ ကော်လက်ချ်အနုပညာဆိုတာတွေကို သူစိတ်ကူးပေါက်ရင်ပေါက်သလို ဖန်တီးတယ်။
ချပြတယ်။ သူဖန်တီးတဲ့အခါမှာလည်း သူတွေ့ကြုံနေရတဲ့လောက၊ သူရှာဖွေနေတဲ့သစ္စာ၊
သူလိုက်နာခံယူတဲ့ဓမ္မနဲ့ သူရဲ့ပစ္စုပ္ပုန် တည့်တည့်မှာ ခံစားနေရတဲ့ဝေဒနာတွေကိုဘယ်သောအခါမှ လစ်လျူရှုလေ့ မရှိခဲ့ပါဘူး။
လူအဖြစ်ကြောင့်ရရှိလာတဲ့ လောကဓံရှစ်ပါးကို သူဖြတ်သန်းတယ်။ ဖြတ်သန်းတဲ့အလျောက်
လည်း သူ့အနုပညာတွေကို သူဖန်တီးခဲ့ပြန်တယ်။ ကာလတွေ၊ ဝါဒတွေ အမျိုးစုံအောင်
ဖြတ်သန်းခဲ့ရတဲ့ အောင်မြင့်က သူ့အနုပညာကိုလည်း မျိုးစုံအောင် ဖန်တီးခဲ့တာပဲ။ ပန်းချီကိုလည်း မျိုးစုံအောင် ရေးခဲ့တာပါပဲ။ အောင်မြင့် မရေးဘူးတဲ့ ပန်းချီဝါဒ၊နည်းစနစ်ဆိုတာနဲ့ ဘာတွေဘယ်လိုရေးခဲ့တယ်ဆိုတာ သူ့ပန်းချီကားတွေကြည့်ရင်သိနိုင်ပါလိမ့်မယ်။
သူရေးခဲ့တဲ့ အထဲက Modern လို့ခေါ်ကြတဲ့ တချို့ပန်းချီကားတွေအကြောင်း နည်းနည်း
ပြောဖြစ်၊ မေးမြန်းဖြစ်တယ်။ ခုချိန်မှာတော့ Modern အကြောင်းထက်၊ Post Modern၊
Contemporary၊ Conceptual တွေပဲ ထပ်တလဲလဲ တွေ့နေရတာပါ။ ၁၉၆၀ ကျော်နှစ်များမှသည် သူထဲထဲဝင်ဝင် ဖြတ်သန်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အနုပညာနဲ့ ပတ်သက်လို့လည်း သူခံယူရာ
သူယုံကြည်ရာကို ယခုလို ပြောပြခဲ့ပါတယ်။
“မိုဒန်ရေးတယ်ဆိုပြီး အထင်ကြီးစရာမရှိသလို အထင်သေးစရာလည်း မရှိပါဘူး။
ချီးမွမ်းဖို့လည်းမလိုသလို ပြစ်တင်ရှုံ့ချဖို့လည်း မဖြစ်စေသင့်ပါဘူး။ အကျိုးနဲ့အကြောင်းနဲ့
ဆက်စပ်တွေးခေါ်ဖို့လည်း လိုပါတယ်။ မိုဒန် ရေးတာနဲ့ ရိုးရာကို၊ သမာရိုးကျကို ပစ်ပယ်ထားတဲ့ဟာတွေလို့ ထင်ရင်လည်း မှားပါတယ်။ အဲဒီစိတ်တွေ မရှိရင်၊ ခံစားမှုမထားရင် မိုဒန်ဆိုတာလည်း ဖြစ်မလာပါဘူး။ မိုဒန်ရေးတဲ့လူရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ရှေးရိုးအယူအဆ အနုပညာခံစားမှုတွေဟာ အများကြီးပါ။
ဘယ်တိုင်းပြည်၊ ဘယ်သူမျိုးမဆို
ကိုယ့်ရိုးရာ ကိုယ့်ယဥ်ကျေးမှုကို မစွန့်ပယ်တတ်ပါဘူး။ ရိုးရာဓလေ့စရိုက်အခြေခံအချက်အလက်၊ စည်းမျဥ်းကလနားတွေကို အခြေခံပြီးမှသာ ခေတ်နဲ့လျော်အောင်ခံစားဖန်တီးလို့ရတာပါ။ အလွယ်ဆုံးပြောရရင် ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးစံနည်းနာနိဿျည်းသဘောသဘာဝကို အတန်ငယ်မျှ မစူးစမ်းမလေ့လာဘဲ၊ မသိဘဲ၊ အခြေမခံဘဲ ကျော်လွှားပြီး၊ကြားဖြတ်ပြီးမှရမ်းသမ်းပမ်းသမ်း မိုဒန်လိုက်ရင် အဲဒီပုဂ္ဂိုလ်ဟာ အရူးပဲ။ ရူးတာမှ ကုမရအောင်
ရူးတဲ့ အရူးပါ။ နိုင်ငံတကာအဆင့်ကို တိုးဝင်ဖို့ ခေတ်နဲ့ အမှီအညီ ရင်ဘောင်တန်းလိုက်ချင်လို့၊
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဂုဏ်ကို ဖော်ထုတ်ချင်လို့ အပြောခံ၊ အဆိုခံ၊ အဆဲခံ၊
အညိုညင်ခံပြီး မိုဒန် ပန်းချီကို နှစ်ပြီးရေးတဲ့သူတွေ အတော်များများရှိပါတယ်။
ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ သူတို့တွေဟာ ခံယူချက်နဲ့ ယုံကြည်ချက်နဲ့ အညိုးအတေးခံဘဝကို မျက်စိမှိတ်၊ နားပိတ်ပြီး ဇွတ်အတင်းဝင်နေရတာပါ။ ဒီလိုဝင်တိုးရတဲ့အခါမှာ အများကြီးအများကြီး ချို့တဲ့အားနည်းစွာ ဝင်ရလို့ ထင်သလောက် ခရီးမပေါက်ပါဘူး။ပြတ်ကျန်နေခဲ့ပါတယ်။ စိတ်ထဲက ခံစားချက်ကို ထိထိရောက်ရောက် ဖော်ကျူးနိုင်ဖို့လိုအပ်တဲ့
ရုပ်ဝတ္ထုပစ္စည်းများ ချို့တဲ့မှုကလဲ ပါတယ်။
သိပ်ပြီးဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တွေရဲ့ ဒီကနေ့အနုပညာကို လှမ်းမှီ ဆုပ်ကိုင်ဖို့ မရနိုင်သေးပါဘူး။ အမေကျော် ဒွေးတော်လွမ်းတယ် ဆိုတဲ့စကားကို ဒီနေရာမှာ ဖောဖောသီသီ မသုံးသင့်ပါဘူး။ စေတနာ အစစ်အမှန်ကို၊
စိတ်ရင်းဆန္ဒအနက်အနဲကို သေချာစေ့ငစုံစမ်းဆုံးဖြတ်ပြီးမှသာ ဘေသင့်တာဘေသင့်ပါတယ်။
ဆော်သင့်ကလော်သင့်တာ ဆော်ဖို့ကလော်ဖို့ကောင်းတယ်။တကိုယ်တော်ကောင်းစားရေးအတွက်ဆိုတာ မပါဘူးလို့ မဆိုလိုပါဘူး။ လူပဲ၊ ပုထုဇဉ်ပဲအနည်းနဲ့အများ ရှိကြမှာပေါ့။ ဒါပေမယ့် စဉ်းစားဆုံးဖြတ်ဝေဖန်သုံးသပ်တဲ့အခါ အပေါ်ယံကမကြည့်ကြ၊ လျှပ်ပြီးမစစ်ကြောကြဖို့တော့ လိုမယ်လို့ထင်ပါတယ်။”
အသစ်ဖန်တီးသူတိုင်းကြုံတွေ့ရတဲ့ လောကဓံနဲ့ ရင်ဆိုင်ဖြတ်သန်းရသောခေတ်ရဲ့ရိုက်ခတ်မှုတွေက အနုပညာသမားတိုင်း ကြုံတွေ့ရမှာ မလွဲပါဘူး။ အစောပိုင်းသူ့ရဲ့မိုဒန်လက်ရာတွေမှာ သူ့ရဲ့ ပေါက်ကွဲမှု အရောင်စူးစူရဲရဲတွေ၊ ပဋိပက္ခဖြစ်မှုဆန့်ကျင်ဘက်အရောင်တွဲတွေ၊ စဉ်ဆက်မပြတ်ဖြစ်ပေါ်ဆက်စပ်နေတဲ့စိတ်ခံစားမှု ရေးချက်တွေ၊သူ့အာရုံမှာ စွဲထင်နေတဲ့ သင်္ကေတတွေ၊ ပုံရိပ်တွေ၊ သူ့ရဲ့လောကအပေါ်သရော်ချင်တဲ့အခဲမကျေမှုတွေ ပါဝင်နေတာတွေ့မြင်ရလေ့ရှိပါတယ်။
Mother & Child စီးရီးတွေ ရေးဆွဲနေဆဲကာလတစ်လျှောက်လုံးမှာ ယှဉ်တွဲရေးဆွဲဖြစ်တဲ့ Abstract Expression စီးရီးမှာတော့ စတင်ပြောင်းလဲလာတာတွေ့ရပြန်တယ်။ သူရေးနေကျ Mediumတွေအစား သူ့စိတ်ခံစားမှုကို လွတ်လွတ်လပ်လပ် အတူတကွ စီးမျောပေးမယ့် EnamelPaintကို ပြောင်းလဲသုံးစွဲလာပါတယ်။ အရောင်သုံးစွဲမှုများဟာလည်း minimiseပိုဆန်လာပါတယ်။ ဒါကလည်း ရပ်မနေချင်သော အနုပညာသမားတစ်ယောက်ရဲ့
ဆက်လက်ရှာဖွေမှုတွေပါပဲ။ လိုင်းကိုအထူးပြုပြီး ရေးလေ့ရှိတဲ့အရှေ့တိုင်းသဘာဝပန်းချီဟန်ကို သူ့ရဲ့ Mother & Child မှာ ဆက်လက်ဆွဲကိုင်ခဲ့သလိုပဲသူ့ရဲ့AbstractExpression မှာ ဆက်လက်စီးမျောနေခဲ့ပြန်တာပါ။
“ဘယ်ပညာမှ ရပ်မနေပါဘူး။ ခေတ်ရေစီးကြောင်းအရ လွန့်လူးရုန်းထွက် ရှင်သန်နေတာပါ။ရပ်နေတယ်ဆိုရင်သေပြီပဲ။ အမြဲကြံဆစိတ်ကူးပြီး တခါတရံ မမျှော်လင့်မထင်မှတ်ဘဲ
တွေ့လိုက်မြင်လိုက် ရုတ်ချည်းဖြတ်ခနဲ အမြင်အာရုံ အတွေးအာရုံကို စုပ်ယူဖမ်းဆီးခံစားပြီး
ရိုးရိုးသားသား သန့်သန့်ရှင်းရှင်းနဲ့ အကောင်အထည်ပေါ်အောင် ဖော်ပြလိုက်တာမျိုးတွေကို
မိုဒန်မှာ တွေ့ရမြင်ရနိုင်ပါတယ်။ ဥပမာ-လေလွင့်မျောပါနေရင်း ပြောင်းလဲသွားတဲ့တိမ်တိုက်တွေ၊ လူးလွန့်လှုပ်ခတ်သွားတဲ့ ဇာခန်းဆီးလိုဟာတွေ၊ နံရံကြမ်းပြင်စတဲ့ နေရာတွေမှာ
အမှတ်မထင် စွန်းထေးကွက်ထင်နေတဲ့အရာတွေစသဖြင့်ပေါ့။”
“မိုဒန်နဲ့ ပတ်သက်ပြီးပြောရရင် မဖြီးနဲ့၊ ဖြီးတာနဲ့သိကြမယ်၊ သိတယ်၊ မညာနဲ့၊ညာတာနဲ့သိကြမယ် သိနေတယ်။ ဒီမှာရိုးသားဖို့ကအရေးကြီးတယ်။ ခံစားမှုနဲ့ရေးတာ-အဲစျာန်ဝင်လို့ရေးတာနဲ့ ရမ်းပြီးသမ်းပြီးရေးတာ ခွဲပြီးသိတယ်။ ပေါ့ပေါ့မတွက်နဲ့၊ မရဘူး၊ သူ့ပုံစံ၊ သူ့ပေတံ၊ သူ့အထွာ၊ သူ့အထာ၊ သူ့နည်း၊ သူ့စနစ်၊ သူ့အတိမ်အနက်၊ သူ့နဂို၊သူ့နည်းစနစ်စတာတွေ၊ ဘောင်တွေ၊ ကလနားတွေရှိတယ်။ ဒါပေမဲ့ လွတ်လပ်တယ်၊
ပေါ့ပါးတယ်ထင်ရမယ်။ လုပ်ယူလို့မရဘူး၊ သင်ပေးလို့လဲမရဘူး၊ တကယ်ကြိုးစားမှု၊
အတွေ့အကြုံများမှ တကယ်ခံစားမှုရှိမှ၊ လိုအပ်ရင်ဘဝကိုပါနှစ်မြှုပ်ပြီးလုပ်မှ၊ တိုးမှတိုက်မှ၊ရေးမှ၊ ဖေါ်မှ၊ ထူးခြားတဲ့ပါရမီအခံရှိဖို့လဲ လိုမယ်ထင်တယ်။မိုဒန်မှာ အရေးကြီးတာက
လောဘသတ်တတ်ဖို့၊ ရပ်တတ်ဖို့လိုမယ်။”
သူပြောခဲ့သလိုပဲ သူ့ရဲ့နောက်ပိုင်းလက်ရာ အတော်များများမှာ လောဘသတ်ထားတာတွေ
တွေ့ရပါလိမ့်မယ်။ အရောင်တစ်ခုတည်း သို့တည်းမဟုတ် အနက်နဲ့အခြားတရောင်ကိုသာ
ရောစပ်ယှဥ်တွဲသုံးစွဲထားတာတွေ၊ အနီနဲ့အနက်ရဲ့ပြင်းအားနဲ့ သူ့စိတ်ခံစားမှု ပေါင်းစပ်ထားတဲ့လက်ရာတွေက သူ့ရဲ့ရိုးရှင်းမှုနဲ့ အဇ္ဈတ္တသဏ္ဍာန်ကို အထင်းသား မြင်တွေ့နေရပါတယ်။
အနုပညာရှင်ဆိုသူတိုင်းဟာ သူဖြတ်သန်းနေတဲ့ကာလတလျှောက်လုံးကို အမြဲတမ်း
မျက်မှောက်ပြုထားသူတွေပါ။ သူတို့မျက်မှောက်ပြုနေသော ခေတ်ရဲ့ဝန်ကိုလည်း
သူတို့အနုပညာနဲ့ ဖော်ဆောင်ထမ်းပိုးထားတဲ့သူတွေပါပဲ။ Artist Aung Myintသည်လည်း
သူဖြတ်သန်းခဲ့ရာ ခေတ်အကြောင်းကို သူ့အနုပညာရပ်ပေါင်းများစွာနဲ့
အရိုးရှင်းဆုံးဖြတ်သန်းနေသူလို့ ဆိုပါရစေတော့။ ။
written by
Htoo Aung Kyaw
#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #myanmarahla_gallery #kalaaartspace #artissharing