ပန်းချီပညာကို လေ့လာသင်ယူတဲ့နေရာမှာ
Casual Method
Self-taught Method
Studio Method နဲ့
Academic Method
ဆိုပြီးတော့ ယေဘုယျအားဖြင့် လေ့လာသင်ယူနိုင်တဲ့ နည်းစနစ်များ (၄) မျိုးရှိပါတယ်။
Casual Method ဆိုသည်မှာ လုပ်ရင်းကိုင်ရင်း တက်မြောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။များသောအားဖြင့် လက်မှုလုပ်ငန်းများမှာ တွေ့ရပါတယ်။ ဟိုဟာဝိုင်းကူ၊ ဒီဟာဝိုင်းကူနဲ့ တက်မြောက််လာသောနည်းဖြစ်ပါတယ်။ အားသာချက်မှာ သိီးသန့်သင်ယူစရာမလိုဘဲ တက်မြောက်နိုင်တာဖြစ်ပြီး အားနည်းချက်မှာ မိရိုးဖလာနည်းအတိုင်းသာ လုပ်တတ်ပြီး ကိုယ်ပိုင်တီထွင်ဆန်းသစ်ဖန်တီးနိုင်ရန် အားနည်းတတ်ခြင်းပင်ဖြစ်တယ်။
Self-taught Method ဆိုသည်မှာ ဆရာနှင့် သင်ကြား၊ သင်ယူခြင်းမဟုတ်ဘဲ မိမိဘာသာရှာဖွေလေ့လာ သင်ယူနည်းဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ပင်ကိုယ်ဝါသနာဗီဇ အားကောင်းသူများတွင်သာ တွေ့ရတတ်တယ်။ ပန်းချီဆရာကြီး ဦးကြီးမြင့်စောမှာ ကိုယ့်ဘာသာရှာဖွေလေ့လာတတ်မြောက်သူ Self-taught artist လို့ပြောနိုင်ပါတယ်။ ဆရာက အခြေခံပညာကျောင်းတက်စဉ်က ရသချိန်မှာ ပန်းချီအနည်းငယ်သာ ထိတွေ့ခွင့်ရခဲ့တယ်။ စီးပွားရေး တက္ကသိုလ် ကထိကဆရာဘဝတွင် ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းရှိသော်လည်း မတက်ရောက်ခဲ့ဘဲ မိမိဘာသာ လေ့လာသင်ယူခဲ့သူဖြစ်တယ်။ Self-taught Method ရဲ့ အားနည်းချက်မှာ ပင်ကိုယ် ပါရမီပါသူ မဟုတ်လျှင် တဝဲလည်လည်ဖြစ်ပြီး လမ်းပျောက်တတ်ပါတယ်။
Studio Method မှာ ဆရာတစ်ဦးထံတွင် တပည့်ခံပြီး သင်ယူခြင်းနည်းဖြစ်တယ်။ အားသာချက်ကတော့ ဆရာ၏ အရေးအဖွဲ့နည်းစနစ်များကို ပီပီပြင်ပြင်ရနိုင်ခြင်းဖြစ်တယ်။ အားနည်းချက်ကတော့ လူများများလက်ခံသင်ကြားမပေးနိုင်ခြင်းဖြစ်ပြီး ရေးနည်း၊ ရေးဟန်များမှာ ဆရာနဲ့တူနေတတ်ပြီး၊ ဆရာ့လောင်းရိပ်မှ သီးသန့်ခွဲထွက်ရန် အချိန်ယူရခြင်းဖြစ်တယ်။
Academic Method မှာ သင်ရိုး၊ မာတိကာ၊ သင်ရိုးညွှန်းတမ်း၊ သင်တန်းအချိန်ကာလများ အတိအကျပြဌာန်းသတ်မှတ်ပြီး သင်ရိုးကုန်အောင် သင်ယူ/ သင်ကြားတဲ့နည်းဖြစ်တယ်။ ဘယ်ပညာရပ်မဆို Academic Method နည်းဖြင့် သင်ယူနိုင်ပါတယ်။ အားသာချက်မှာ ဘာသာရပ်အလိုက် သင်ကြားသော ဆရာများနဲ့ထိတွေ့ခွင့်ရခြင်း၊ ကျောင်းသားအချင်းချင်းရင်းနှီးပြီး အပြန်အလှန် တိုင်ပင်ဆွေးနွေးနိုင်ခြင်းဖြစ်တယ်။ အရည်အချင်းစစ်ဆေးပြီး အသိအမှတ်ပြုပေးနိုင်တယ်။ အခြေခံအားကောင်းပြီး ဆက်လက်လေ့လာရန် လွယ်ကူတယ်။ ရေးနည်းရေးစနစ်အားလုံးကို သင်ယူနိုင်တယ်။ အားနည်းချက်မှာ သင်ယူတက်မြောက်ရန် အချိန်များစွာပေးရတယ်။ ကိုယ်ပိုင်အတွေးအမြင်၊ အယူအဆ ရရှိရန် ဇွဲသန်ရတယ်။
သင်ကြားသင်ယူခြင်း ခေတ်စနစ်ပေါ်မူတည်သလို ဗီဇပါရမီနှင့်လည်းဆိုင်ပါတယ်။ ဗီဇအားကောင်းသူက ကိုယ့်ဘာသာလေ့လာတတ်မြောက်နိုင်ကြတယ်။ သို့သော်လူတိုင်းအတွက် မဖြစ်နိုင်ပါ။ မသင်ယူဘဲ တတ်မြောက်ထူးချွန်နေသူများမှာ Self-taught အမျိုးအစားဖြစ်တယ်။ Casual Method မှာ ပန်းချီသင်ကြားခြင်းအတွက် မထိရောက်နိုင်ပါ။ Academic Method မှာတော့ လူတိုင်းအတွက် လက်လှမ်းမီတဲ့နည်းဖြစ်သော်လည်း တက္ကသိုလ်ကျောင်းများမှာ တက်ရောက်ရန် အသက်၊ ပညာအရည်အချင်း၊ ကန့်သတ်ချက်များ ရှိနေပြန်ပါတယ်။ နည်းလမ်းများအားလုံးမှာ အားသာချက်/ အားနည်းချက်များ ရှိစမြဲပါ။
ပညာသင်ယူရာမှာ နည်းလမ်းတစ်ခုတည်းနှင့် မပြည့်စုံနိုင်ပါ။ ပထမဆုံး Academic Method ဖြင့်သင်ယူ၊ ကိုယ်လေးစားအားကျရတဲ့ ဆရာထံမှာ Studio Method ဖြင့်ထပ်မံလေ့လာသင်ယူပြီးလျှင် မိမိဘာသာဖြည့်ဆည်းလေ့လာခြင်း Self-taught Methodဖြင့် လေ့လာပြီးလက်တွေ့လုပ်ဆောင်မှ ထိရောက်ပြည့်စုံသော နည်းဖြစ်မည်ဟု ထင်ပါသည်။
Ref# Art Knowledge compiled by Art educator M.Tun Aung
P.S ဆရာအမ်ထွန်းအောင်ရဲ့အသစ်ထွက်ရှိထားတဲ့
ပန်းချီသင် လူငယ်များနှင့် ဝါသနာရှင်များအတွက် ပန်းချီပညာရပ်ဆိုင်ရာ ဗဟုသုတစာစုများ စာအုပ်ကို ကလသာအနုပညာပြခန်းမှာ လာရောက် လေ့လာဖတ်ရှု ဝယ်ယူအားပေးနိုင်တယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
#KaLaSaArtSpace #artissharing #artnotes