အနုပညာလက်ရာတစ်ခု ဖန်တီးပုံဖော်တော့မယ်ဆိုရင်
စိတ်ကူးကြံစည်ခြင်း၊
တွေးတောဆင်ခြင်ခြင်း၊
ဉာဏ်ထုတ်ခြင်း၊ ဉာဏ်ကွန့်ခြင်း၊
တီထွင်ဖန်တီးခြင်း စတဲ့ အဆင့်တွေပါဝင်ပါတယ်။
အနုပညာ၏ သဘောမှာ တစ်စုံတစ်ရာ ပြုလုပ်လိုသောအခါမှာ စိတ်ကူးဉာဏ် ထုတ်ရပါတယ်။ ပန်းချီဆွဲမည်၊ စာရေးမည်ဆိုလျှင် စဉ်းစားခန်း ဝင်ရတော့မှာ ဖြစ်ပါတယ်။အခြေအနေ အရပ်ရပ်ကို အာရုံမြင်နှင့် ကြည့်ပြီး တွေးတော ဆင်ခြင်ရလိမ့်မယ်။ အတိုး အလျော့များလုပ်ကာ လေထဲမှာ တိုက်အိမ် ဆောက်ရပါမယ်။ စိတ်အာရုံတွင် အစီအစဉ်များ ပြုလုပ်ပြီး အနုပညာတစ်ခုကို ရုပ်လုံးဖော်ကာ တင်ပြရမယ် ထုတ်လုပ်လိုက်သော အနုပညာပစ္စည်း၏ ပုံသဏ္ဌာန်၊ အရည်အသွေး၊ အနှစ်သာရ၊ ရသတို့နှင့် ပြည့်စုံအောင် ပြုလုပ်ခြင်းမှာ အနုပညာ ဖြစ်ပါတယ်။
အနုပညာရပ် တစ်ခုခုကို ရုပ်လုံးဖော် တင်ပြရာမှာ အချို့ကကြိုက်ပြီး၊ အချို့က မကြိုက်ကြပါ။ သဘောမှာ ဖန်တီးသူ အနုပညာရှင်၏ အကျင့်စရိုက်နှင့် မိမိ၏ ခံယူပုံနှင့် မတူညီ သောကြောင့်ဖြစ်ပါတယ်။ အနုပညာရပ် ဖော်ထုတ်ပုံများကလည်း နည်းအမျိုးမျိုး ရှိပါတယ်။ ရိုးရာနည်း၊ သဘာဝနည်း၊ မော်ဒန်နည်းများ စသဖြင့် များစွာ ကွဲပြားလျက် ရှိပါတယ်။
အနုပညာ၏ ဆောင်ရွက်ချက်မှာ အနုပညာရှင်နှင့် ကြည့်သူအား တစ်ဦးနှင့် တစ်ဦး စိတ်ချင်း ဆက်သွယ်စေတယ်။ နှီးနှောစေပါတယ်။ အပေးအယူ လုပ်စေပါတယ်။ အနုပညာရပ်များကို ခံစားမှု၊ ဆက်စပ်မှု ပြုပေးသည်မှာ မျက်စိနှင့်နား ဖြစ်ပါတယ်။ မျက်စိမှ အဆင်းရုပ်များကို ကြည့်မြင်ပါတယ်။ ဥပမာ ပန်းချီကားတစ်ချပ်ကို ကြည့် သည် ဆိုကြပါစို့။ ပထမ ပန်းချီကားကပေးသော ရသကို ယေဘုယျ ခံစားလိုက်ရပါတယ်။ ခံစားရမိပြီးနောက် ဤရသ ရရှိနိုင်မှုကို မည်သို့အဖွဲ့အစည်း ပြုလုပ်ထားသနည်း။ မည်သို့ ဉာဏ်ဝင်စားသနည်း။ လိုက်ဖက်မှု ရှိပါသလား စသည်တို့ကို ဆန်းစစ်ရပါလိမ့်မယ်။
ယခုလို ပန်းချီကားရဲ့ အနုပညာရေး လုပ်ကိုင်မှုနှင့် ကားကြည့်သူရဲ့ အနုပညာစိတ်တို့ဟာ အပေးအယူ လုပ်ပြီးတဲ့အခါ သဘောတူညီမှုရလျှင် ကြိုက်ပြီး၊ မရလျှင် မကြိုက်ခြင်း ဖြစ်ပါတယ်။
Ref # Reminiscences of Myanmar Art by Artist U Aung Khin