Artist Htein Linn talk about Artist Aung Myint

Artist Aung Myint လို့ ပြောလိုက်ရင် နောက်က (Inya Gallery) ဆိုတာ အမြဲတမ်းပါ ပါတယ်။ Inya Gallery က ဘာအရေးကြီးလဲ ဆိုတော့ မြန်မာ့မော်ဒန်ပန်းချီ နှောင်းပိုင်း လှုပ်ရှားမှုနဲ့ Contemporary အဝင် အစောပိုင်းကာလတွေမှာ Inya Gallery ရဲ့တည်ရှိမှု အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကိုယ်ကလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်ထဲမှာ ဦးအောင်မြင့်ရယ် ၊Inya Galleryရယ် ကျွန်တော်တို့ အနုပညာနဲ့ ပတ်သက်ဆက်စပ်မှုကို ပြောချင်ပါတယ်။

ပထမဆုံး အနုပညာနယ်ပယ်ထဲကို အစောပိုင်းစဝင်လာတဲ့အချိန် (၁၉၉၃၊ ၁၉၉၄၊ ၁၉၉၅) အဲဒီ ကာလတွေမှာ ရန်ကုန်တက္ကသိုလ်ပန်းချီခန်း (ကံ့ကော်ရွာအဖွဲ့)ကို ဦးဆောပြီးစဖွင့်တဲ့အချိန်မှာ အနုပညာ စီနီယာတွေကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Surrealist ပန်းချီဆရာစံမင်း၊ ပန်းချီကေမြိုး၊ ပန်းချီလှတိုး၊ မခင်ဆွေဝင်း၊ ဆရာတီးတို၊ ဒေါ်ခင်မြဇင်၊ ပန်းချီညိုဝင်းမောင် စသဖြင့် ပန်းချီဆရာများနဲ့ စတင်ထိတွေ့ခွင့်ရခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ကျတော့ အနုပညာနယ်မှာ အဆက်အစပ်မရှိခဲ့၊ အနုပညာကျောင်း တက်ခဲ့တာမဟုတ်တာမို့ ရန်ကုန်တက္ကသိုလ်ရဲ့ ပန်းချီခန်းကို ဦးဆောင်ခဲ့တဲ့အတွက် စီနီယာအစ်ကို၊အစ်မတွေက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်။ အဲဒီကာလပန်းချီခန်းကို ဦးဆောင်ခဲ့တဲ့သူတွေကတော့ ကျွန်တော်ပန်းချီထိန်လင်း၊ နေသွေးဦး၊ ချောအိသိန်းတို့ဖြစ်ပါတယ်။ ၁၉၉၅ကံ့ကော်ရွာပန်းချီပြပွဲ ပြန်လုပ်တဲ့အချိန် ကိုယ်တို့တွေဝင်ပြီးတော့ပါဝင်ခွင့်ရတယ်။ ပန်းချီကားတွေဝင်ပြတယ်။ ပန်းချီအနုပညာနယ်ထဲကို ဝင်လာပြီး ပန်းချီဆရာများနဲ့ ဆက်ဆံထိတွေ့ခွင့်ရခဲ့ ပါတယ်။ ကံ့ကော်ရွာပန်းချီပြပွဲကို ဝင်ပြတဲ့အချိန်မှာ ခုနက စီနီယာပန်းချီဆရာတွေက ကိုယ့်လက်ရာတွေကို ကြည့်တယ်။ နောက်တော့ပြပွဲမှာမပါတဲ့ တခြားလက်ရာတွေ ကိုကြည့်ချင်တယ်ဆိုတော့ ယူလာပြီးပြတယ်။ အဲ့ကာလရေးထားတဲ့ Abstract ၊ စက္ကူတွေပေါ်မှာဆွဲထားတဲ့ Abstract ကားတွေကြည့်ပြီးတော့ ကိုစံမင်း၊ ကိုတီးတို၊ ကိုကေမြိုး၊ မခင်ဆွေဝင်းတို့က Inya Gallery ကိုသွားသင့်တယ် လို့တညီတညွတ်တည်းပြောကြတယ်။ ကိုအောင်မြင့်နဲ့ တွေ့သင့်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်အနေနဲ့ Inya Gallery ဆိုတာလည်းမသိခဲ့ပါဘူး။ကိုအောင်မြင့် ဆိုတာလည်း မသိဘူးခဲ့ပါဘူး။ “ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေအကုန်လုံးက Inyaကိုပဲ မဖြစ်မနေသွားရမယ်။ ငါတို့လွှတ်လိုက်တယ်လို့ပြော ဒီလိုနည်းနဲ့ အတင်းလွှတ်တယ်။” အတင်းလွှတ်တော့ ပန်းချီကားတချို့ကိုယူပြီး Inya Gallery ကိုရောက်သွားခဲ့တယ်။

Inya Gallery က အင်းလျားလမ်းထဲကနေ ကွေ့ကောက်ဝင်သွားရပြီး ဦးအောင်မြင့်ရဲ့ ခြံထဲမှာ တစ်ဖက်ရပ်အမိုးလေးနဲ့လုပ်ထားတယ်။ အဲ့ကိုရောက်တာနဲ့ ကျွန်တော်လည်း မျက်လုံးတွေကျယ်သွားတယ်။ Inya Gallery ပြခန်းမှာပြသထားတဲ့ ပန်းချီလက်ရာတွေ အကုန်လုံးကို တွေ့လိုက်ရတဲ့အခါ ကိုယ့်စိတ်ထဲမှာ ကို့အိမ်ကိုရောက်သွားသလို နွေးထွေးမှုကို ခံစားလိုက်ရပါတယ်။ အဲ့နောက်မှာ ဦးအောင်မြင့်ထွက်လာပြီးတော့ ကျွန်တော့်ပန်းချီကားတွေကို ကြည့်ပြီး ချက်ချင်းအားရဝမ်းသာနဲ့ ဦးအောင်မြင့်က “ ဟေ့ရောင် မင်းဥစ္စာတွေက တကယ့်ဟာတွေပဲ။ ခုချက်ချင်း မင်းရဲ့ပန်းချီတွေကို ငါတို့နဲ့ဝင်ပြ” အဲလိုမျိုး ခုမှတွေ့ဖူးတဲ့ကျွန်တော့်ကို နှစ်ပေါင်းများစွာက ခင်မင်ရင်းနှီးလာတဲ့ မိတ်ဆွေသူငယ်ချင်းလိုမျိုး ဖော်ဖော်ရွေရွေနဲ့ ရင်းနှီးပွင့်လင်းစွာ စကားစဆို ကြိုဆိုပါတယ်။ တကယ်တော့ အသက်အားဖြင့်ရော ဝါအားဖြင့်ရော သူဟာ ကျွန်တော့်ထက်အများကြီး ကြီးပါတယ်။ သို့ပေမယ့် ကျွန်တော့်ကို ညီအစ်ကိုသူငယ်ချင်းအရင်းအချာလို ဆက်ဆံပြောဆိုပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်ကလည်း ‘အစ်ကို’လို့ပဲခေါ်ပါတယ်။ အနုပညာနယ်ပယ်ထဲမှာဆိုရင် ကျွန်တော့်ကို ကိုထိန်၊ ထိန်ထိန်လို့ခေါ်ကြပါတယ်။ ထူးခြားဆန်းပြားတာတစ်ခုက ဦးအောင်မြင့်က ကျွန်တော့်ကို ဘယ်သူမှ မခေါ်တဲ့ ‘’ငထိန်’’ လို့ ငယ်ပေါင်းကြီးဖော်တစ်ယောက်လို ခေါ်ပါတယ်။အဲ့အချိန်ဟာ ကျွန်တော်က ‘တော်တော် သောက်သောက်စားစား၊ရမ်းရမ်းကားကား’ ဖြစ်နေတဲ့အခါမှာ နှစ်ယောက်သားဟာ တော့်တော့်ကို အတွဲညီခဲ့ပြီး သောက်ကြ၊ သူရေးဖြစ်တာတွေကို ပြောဖြစ်ခဲ့ကြပါတယ်။

အခုခေတ်မှာတော့ ပန်းချီအနုပညာနဲ့ပတ်သက်ပြီးတော့ အနုပညာကျောင်း ၊ယဉ်ကျေးမှု တက္ကသိုလ်တွေနဲ့၊ ပုဂ္ဂလိကသင်ကြားမှုတွေ အများကြီးရှိလာပါပြီ။ ၁၉၉၅၊ ၁၉၉၆ ခုနှစ်တွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေအရ ပန်းချီပညာကို လေ့လာလိုက်စားဖို့ရာ အလွယ်တကူ ရှိမနေခဲ့ပါဘူး။ ပန်းချီအနုပညာနဲ့ပတ်သက်တဲ့ စာအုပ်စာပေတွေ ဆိုတာလည်း အင်မတန်မှကို ရှားပါးလှပါတယ်။ အဲ့ကာလမှာ ကျွန်တော်၊ ကိုစံမင်း၊ ကိုတီးတို၊ ကိုဝင်းသိန်း၊ ဒေါ်ခင်ဆွေဝင်း၊ ကေမျိုး၊ ကိုညိုဝင်းမောင် တို့ဟာ တနင်္ဂနွေ ညနေတိုင်း Inya Gallery မှာ ဆုံကြပါတယ်။ ငြိမ်းချမ်းစု၊ လင်းဝဏ္ဏ၊ ကိုစိုးနိုင် တို့လည်း ရန်ဖန်ရန်ခါလာကြပါတယ်။ ဦးအောင်မြင့်ရဲ့ ဇနီး အန်တီစိုးစိုးဟာ သံရုံးအဖွဲ့အစည်းနဲ့ နီးစပ်တဲ့သူ တစ်ယောက် ဖြစ်တာကြောင့် နိုင်ငံခြားကလာတဲ့ အနုပညာနဲ့ပတ်သက်တဲ့ စာအုပ်စာပေ အသစ်အဆန်းတွေကို Inya Gallery မှာလေ့လာဖတ်ရှုလို့ရနိုင်ပါတယ်။ အဲဒါကြောင့်မလို့ ကိုထိန်တို့က ညနေခင်းဆိုလျှင် Inya မှာ စုပြီးသောက်ကြရင်းနဲ့ တညနေကို အတူတကွကုန်ဆုံးကြတယ်။ သိရှိထားတဲ့သတင်းတွေ၊ ပြပွဲသတင်းတွေအပြင် တစ်ယောက်လက်ရာတစ်ယောက် အပြန်အလှန်‌ဝေဖန်တာတွေကို ပြုလုပ်ခဲ့ကြတယ်။ ဒီတနင်္ဂနွေညနေခင်းလေးမှာ တွေ့ဆုံဆွေးနွေးနေကြ အဖွဲ့အစည်းက ပြောရမယ်ဆိုလျှင် Formal မဟုတ်တဲ့ Study Group လေးတစ်ခုဖြစ်နေပြန်တယ်။ အဲ့ကျတော့မှ သူကနေ ‘ဟျောင့်ငထိန် မင်းဒီစာအုပ်ယူသွား ဒါကိုသေသေချာချာကြည့်’ ဆိုပြီးပြောတဲ့အခါ ကိုယ်ကယူသွားပြီး တစ်ပတ်ကြည့်ဖြစ်တယ်။ နောက်တစ်ပတ်ပြန်လာတဲ့အခါ အဲ့စာအုပ်ကို ပြန်ယူလာပြီး ဆွေးနွေးကြ၊ နောက်တစ်အုပ်နဲ့ လဲကြ ပြုလုပ်ဖြစ်တယ်။ Inya Gallery ဟာ ကျွန်တော်တို့အတွက် အနုပညာလက်ရာတွေကို ပြသတဲ့ Platform တစ်ခုသာမဟုတ်ဘဲ၊ Study Group အနေနဲ့ပါ အရေးပါပါတယ်။ ‘Inya Gallery နဲ့အတူခွဲလို့မရတာကတော့ ဦးအောင်မြင့်’ ပါပဲ။ ကျွန်တော်တို့က လူငယ်ပီပီ တက်တက်ကြွကြွရှိတဲ့အတွက်ကြောင့် ဦးအောင်မြင့်က ညီတစ်ယောက်လို ချစ်ခင်တယ်၊ ဂရုစိုက်တယ်။ အဲ့အချိန်မှာ ကျွန်တော်က အနုပညာနယ်ထဲ စဝင်ခါစဖြစ်တဲ့အချိန်မှာ ငွေရေးကြေးရေးကအစ အဆင်မပြေဘူး။ အဲ့တော့တတ်နိုင်သလောက် ကူညီစောင့်ရှောက်၊ဂရုစိုက်ကြတယ်။ အဲဒီအချိန်‌တွေမှာ ကျွန်တော်ထင်သလို ရေးတဲ့ရမ်းတဲ့ လက်ရာမျိုးဟာ ရန်ကုန်မြို့မှာရှိနေတဲ့ Gallery တော်တော်များများမှာ ပြသဖို့ အခက်အခဲ တော်တော်များများရှိခဲ့တယ်။ Inya ကတော့ အချိန်မရွေးပဲ။ အဲ့အတွက်ကြောင့် ကျွန်တော်တို့လို လူငယ်အနုပညာရှင်များအတွက် Inya Gallery ဟာ အများကြီး အရေးပါရှိပါတယ်။ နောက်တခုကတော့ lokanat Gallery မှာ မန်နေဂျာကြီး ဦးအောင်ထွန်းရှိတဲ့အချိန်မှာ အမြဲချိတ်ဆွဲ ပြသထားလို့မရဘူး။ ကိုယ့်ပြပွဲရှိတဲ့ရက်သာ အခကြေးငွေနဲ့ ပြသရတယ်။ Group Show တွေထဲမှာ ပြသလို့ရတယ်။ ခေတ်ပေါ်ပန်းချီလက်ရာတွေကို ကိုယ့်ကိုကိုယ် သေချာဖော်ထုတ်ဖို့ဆိုရင် Inya Gallery ဟာ အကောင်းဆုံးပါပဲ။

၁၉၉၆ခုနှစ်တွင် ကျွန်တော်ရဲ့ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်ဖို့အတွက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တယ်။ ကျွန်တော် သရုပ်ဆောင်လောကထဲ ဝင်တဲ့အချိန် တရက်မှာတော့ တနင်္ဂနွေညနေ အုပ်စုစကားဝိုင်းမှာ အနုပညာပုံစံသစ် ၂ ခုအကြောင်း ဆွေးနွေးဖြစ်၊ မျှဝေဖြစ်ကြတယ်။ ၎င်းတို့ကတော့ Installation Art , Performance Art တို့ဖြစ်တယ်။ အဲ့အချိန် အနုပညာမဂ္ဂဇင်းတခုရဲ့ ဆောင်းပါးမှာ Performance Art အကြောင်းပါတယ်။ နောက်တခုက ဦးအောင်မြင့်စီမှာ Album တခုရှိတယ်။ ထုတ်ယူလာပြီး ကျွန်တော့်ကိုပြတယ်။ အဲဒါက Singapore ရဲ့အနုပညာရှင်တစ်ဦးရဲ့ Street Preformance လုပ်တဲ့ ပတ်စ်ပို့ဆိုဒ်အရွယ် ဓာတ်ပုံတွေပဲ ဖြစ်တယ်။ Performance Art ဆိုတဲ့ အနုပညာလက်ရာတခုက ကမ္ဘာမှာ တော်တော်တွင်ကျယ်လာပြီ။ အထူးသဖြင့် အမေရိကားဘက်မှာ တွယ်ကျယ်လာပြီး အာရှဘက်မှာလည်း လုပ်နေတဲ့သူတွေရှိပြီ။ ဒီအနုပညာပုံစံက ဘယ်လိုလဲ?။ ဆောင်းပါးထဲရေးထားတဲ့အထဲမှာ ဦးအောင်မြင့်က သူသိသလောက်ပြောတာကတော့ အနုပညာဆိုတာ တဖက်က ကိုယ့်ကိုယ်ကို ဖော်ထုတ်ရတယ်။ အထူးသဖြင့် Artist ကိုယ်တိုင်က ကိုယ့်ကိုယ်ကို အနုပညာပစ္စည်းတစ်ခုအဖြစ် လက်နက်တစ်ခုအဖြစ် ဖော်ထုတ်ပြသရတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ သရုပ်ဆောင်တဲ့အလုပ်ပါ လုပ်နေတာဆိုတော့ ဦးအောင်မြင့်၊ ကိုစံမင်း၊ ကိုတီးတို၊ မခင်ဆွေဝင်းတို့ဟာ ကျွန်တော့်ကို Performance Art ကိုစပြီးလုပ်ဖို့ တညီတညာတည်း တိုက်တွန်းကြတယ်။ ဦးအောင်မြင့်က ‘’ငါတို့ထဲမှာ Performance Art စမ်းလုပ်ဖို့၊ စလုပ်ဖို့ အသင့်တော်ဆုံးက ငထိန် မင်းပဲ။ မင်းလုပ်ကြည့်ကွာ ၊ ဘယ်လိုဖြစ်မလဲ ငါတို့အားလုံးသိချင်တယ်’’ လို့ ပြောခဲ့ပါတယ်။

အဲဒီလိုနဲ့ ၁၉၉၆ခုနစ် စက်တင်ဘာတွင် လောကနတ်မှာ Solo Show လုပ်တော့ ပြပွဲနောက်ဆုံးရက်မှာ Street Performance ကိုစပြီးလုပ်ခဲ့တယ်။ လောကနတ်ပြခန်းကနေ ပန်းဆိုးတန်းလမ်းမတလျှောက်ထွက်ပြီး ကန်တော်လေးဘက်အထိပေါ့။ Modern နဲ့ Post-modern အနုပညာအကြောင်းကိုရေးသားဖော်ပြတဲ့ ဆရာငြိမ်းအေးအိမ်၊ မင်းထက်မောင်တို့ရဲ့ သရဖူ မဂ္ဂဇင်းမှာ Performance Art နဲ့ပတ်သက်ပြီး ပရိသတ်ကိုမိတ်ဆက်ချင်တယ်ဆိုပြီး အင်တာဗျုးအမေးအဖြေလုပ်ခဲ့ပါတယ်။ Street Performance တခုဆက်လက်ပြီး လုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အဲ့တာကြောင့် လမ်း ၃၀ ထိပ် ၊ ဗိုလ်ချုပ်လမ်းပေါ်မှာ ထပ်ပြီး ပြသဖြစ်ခဲ့ပါတယ်။ ဆရာငြိမ်းအေးအိမ်က ဓာတ်ပုံတွေရိုက်ပြီး သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် ယုဒသန်မှာ ကိုပိုပို က Solo Show လုပ်တယ်။ ပန်းချီကားမပါဘဲ Installation Art တွေ ၊ Project တွေပြသခဲ့တယ်။ အဲ့ပြပွဲရဲ့နောက်ဆုံးရက်မှာ သူကလည်း Performance တခုလုပ်တယ်။ အဲ့တာကလည်း သရဖူမဂ္ဂဇင်းမှာ ‘အုတ်အော်သောင်းနင်း’ ပါပဲ။ အဲဒီကာလမှာ ယုဒသန်မှာပဲ ဦးအောင်မြင့်ဟာ Solo Show လုပ်တော့ သူပြသတဲ့ Installation Art တွေဟာ လူတွေတအံ့တ‌ဩ ဖြစ်ခဲ့ရပါတယ်။ ဘာလို့ဆိုတော့ သူ့ရဲ့အနုပညာပြသမှုတွေမှာ မြန်မာပြည်မှာ အရင်က ပြသနေတဲ့ ပွဲတွေနဲ့မတူဘဲ ထူးခြားဆန်းပြား ကွဲပြားနေပါတယ်။ အဲဒီပြပွဲမှာ ပြသခဲ့တဲ့ ‘မင်္ဂလာဦးည’ဆိုတဲ့ Installation ပြကွက်မှာဆိုရင် ဖျာလေးတစ်ချပ်ခင်းထားပြီး ခေါင်းအုံးလေးတစ်ခုနဲ့ အဝတ်တန်း‌လေးမှာ အမျိုးသားနဲ့ အမျိုးသမီး လုံခြည်လေးတစ်ခုစီ ချိတ်ဆွဲထားပြီး အရိပ်ပြထားတဲ့ပြကွက်လေးဟာ အမှတ်ရနေဆဲပါ။ အဲဒီအချိန်ဟာ Modern နဲ့ Post-modernနဲ့ Contemporary ကူးတဲ့ အစောပိုင်းကာလတွေဖြစ်ခဲ့ပါတယ်။ အဲ့တာကို ငြိမ်းအေးအိမ်က အသေးစိတ် ဓာတ်ပုံရိုက်ယူပြီး သရဖူမဂ္ဂဇင်းမှာ စာမျက်နှာ အများကြီးနှင့်တကွ ဖော်ပြခဲ့တယ်။

၁၉၉၇ နွေရာသီမှာ နွေဦးကဗျာဆိုပြီး နတ်မောက်ပန်းချီပြခန်းမှာ ကိုအောင်ချိမ့်၊ MSO၊ ကိုမုတ်သုံ၊ မင်းဇော်၊ စန္ဒာခိုင် တို့နဲ့ Underground Show လေးတစ်ခုလုပ်တော့ ကျွန်တော်က Performance ပြပါတယ်။ အဲ့အချိန်မှာ ဦးအောင်မြင့်က တကယ့်ကို အသိအမှတ်ပြုခဲ့တယ်။ အဲဒီတုန်းက ပြသခဲ့တဲ့ ခန္ဓာကိုယ်မှာအနီရောင်ဆေးတွေနဲ့ ၊ ကလေးအနှီးကိုပတ်ပြီး Performance ပြတော့ ဦးအောင်မြင့်က အဲဒီမှာသုံးတဲ့ ဆေးအနီတွေပေနေတဲ့ ကလေးအနှီးကို ဘောင်ကျက်ပြီး သိမ်းထားဖို့ တိုက်တွန်းပြောကြားပါတယ်။ ရှိုးပြနေတဲ့ တစ်လျှောက်လုံး မှာလည်း သေချာလေး အာရုံစိုက်ပြီး ဓာတ်ပုံမှတ်တမ်းတွေကို ဦးအောင်မြင့်ကိုယ်တိုင် ရိုက်ကူးပေးခဲ့ပါတယ်။ ငြိမ်းအေးအိမ်ကလည်း မှတ်တမ်းများကို ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာ အကျဉ်း(၇)နှစ်ကျပြီး ထောင်ထဲမှာလည်း Portrait တွေ တော်တော်များများရေးခဲ့တော့ ဦးအောင်မြင့်၊ ကိုစံမင်း၊ ကိုအေးကို စသဖြင့် သူတို့ရဲ့ပုံတူတွေကို ရေးခဲ့ပါတယ်။

ထောင်ထဲကထွက်လာပြီး (၇) နှစ်အကြာ Inya Gallery ကိုရောက်ခဲ့ပြန်တော့ အရင်လိုပဲ ထုံးစံအတိုင်း နွေးထွေးစွာကြိုဆိုကြပါတယ်။ အရင်ကထက် ပိုပြီးနွေးထွေးစေတာကတော့ ဦးအောင်မြင့်ရဲ့ဇနီးအန်တီစိုးက ‘ဟာ…..ထိန်ထိန်ပြန်လွှတ်လာပြီဆိုပြီး’ အထဲမှာရေးခဲ့တဲ့ ပန်းချီကားတွေကိုလည်း မကြောက်မရွံနဲ့ Inya Gallery မှာချိတ်ဖို့ပြောပါတယ်။ အဲအချိန်မှာတော့ မြန်မာပြည်မှာ Performance Art တွေအတော်များများ ပျံနှံနေပါပြီ ။ နိုင်ငံခြားသွား ပြီးလုပ်တဲ့သူတွေလည်းရှိနေပြီ။ ဂျပန်ကအဖွဲ့တွေနဲ့ ကိုထိန်တို့ပေါင်းပြီး Inya Gallery မှာ Performance လုပ်ကြတယ်။ ကိုထိန်လည်း အိမ်ထောင်ကျပြီး နိုင်ငံခြားရောက်သွာတယ်။ ၂၀၁၃မှာ ပထမအကြိမ် မြန်မာပြန်ပြည်ရောက်တော့လည်း Inya Gallery ကိုရောက်ခဲ့ပြန်ပါတယ်။ ဦးအောင်မြင့်ကို ထိုင်စောင့်နေစဉ် သူ့Solo Show ပွဲတုန်းက Vinyl တခုထဲမှ သူရဲ့ Portrait ပုံကို ဆော့ပင်ဖြင့် ကိုယ်ရောက်လာမှန်းသိအောင် အိမ်ရဲ့အုတ်နံရံမှာ One Line ဖြင့်ရေးထားခဲ့ပြီးနောက် လန်ဒန်သို့ပြန်သွားခဲ့တယ်။ မကြာမီမှာ မြန်မာပြည်ပြန်လာတယ်။ Inya Gallery ကို ဖျက်ပြီး အိမ်ပြန်ဆောက်မယ်လုပ်တော့ အဲ့ပန်းချီရေးထားတဲ့ အုတ်နံရံကို ယူဖို့ အမျိုးမျိုး ကြံဆပေမယ့်လည်း အဆင်မပြေတဲ့အတွက် မှတ်တမ်းဓာတ်ပုံပဲ ယူထားလိုက်ရတယ်။

နောက်ပိုင်းမှာ Inya Gallery ဆိုတာ ပြပွဲတွေပြသတာ မရှိတော့ပေမယ့် ဦးအောင်မြင့်ရဲ့ အနုပညာတွေကတော့ ဆက်ရှိနေဆဲပါ။ Mother & Child ကစပြီး နိုင်ငံတကာ အနုပညာအသိုင်းအဝိုင်းမှာ ဝင်ဆံ့နိုင်ခဲ့တဲ့ မော်ဒန်ပန်းချီလောကရဲ့ မာစတာ တစ်ဦးဖြစ်တဲ့ ဦးအောင်မြင့်နဲ့ ကျွန်တော်နဲ့ နောက်ဆုံး ဆုံခဲ့တာကတော့ ကျွန်တော် Art Curator အဖြစ်ပြုခဲ့လုပ်ခဲ့ပြီး ဝန်ကြီးများရုံးများကျင်းပတဲ့ 7 Decades Exhibition မှာ ဦးအောင်မြင့်ကို Performance Art လုပ်ဖို့ဖိတ်ခေါ်ခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ သူက Instruction ပေးပြီးတော့ ကိုအေးကို ကို အစားထိုးပြီးသာ ပြသခိုင်းခဲ့ပါတယ်။

ပန်းချီအောင်မြင့်ဆိုတာ Modern , Post-modernနဲ့ Contemporary ပန်းချီအနုပညာ လုပ်ရှားမှုတွေမှာ သူယုံကြည်ခဲ့တဲ့အရာကို အခိုင်အမာရပ်တည်ပြီး လျှောက်ခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်သလို Inya Gallery ဆိုတာ ကျွန်တော်တို့လို အစောပိုင်း Modern နဲ့ Post-modernနဲ့ Contemporary လမ်းကို လျှောက်လှမ်းတဲ့ လူငယ်အနုပညာရှင်တွေအတွက် Platform တစ်ခု၊ Study Group တစ်ခုဖြစ်ခဲ့ပါတယ်။ အခုလိုမျိုး Artist Aung Myint ရဲ့ အနုပညာဘဝခရီးလမ်း တစ်လျှောက်မှာ ဖြတ်သန်းရေးဆွဲပုံဖော်ထားခဲ့တဲ့ အနုပညာလက်ရာတွေကို ဖော်ပြတဲ့ဒီပွဲမှာ ဦးအောင်မြင့်နဲ့ ပတ်သတ်ပြီးတော့ ရေးသားခွင့်ရတာ ကျွန်တော့်အတွက် တကယ့်ကို အမှတ်တရ homage ဖြစ်စေပါတယ်။

#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #myanmarahla_gallery #kalaaartspace #artissharing

© 2019-2023. All Right Reserved by Kalasa Art Space.