ဂီတပညာရှင်တစ်ယောက်ဟာ တေးသီချင်း တစ်ပုဒ်ကို တီးခတ်ဖန်တီးနေတယ်ဆိုပါစို့။ဒါကို ကြုံကြိုက်လို့ နားဆင်နေတဲ့ ပရိသတ်လည်း ရှိကောင်းရှိနိုင်တယ်။ အဲဒီအချိန်မှာ‘ဟိတ်က ခန့်ဦး။ ဘာတွေတီးခတ်နေတာလဲ၊ ဘာအဓိပ္ပာယ် နဲ့ တီးခတ်နေတာပဲ။ ဘယ်သူ အတွက် တီးခတ် နေတာလဲ’ ဆိုပြီး တစ်စုံတစ်ယောက်က ဝင်ရောက် နှောင့်ယှက်လာရင် ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ဖန်တီးသူရော ပရိသတ်ပါ နှစ်ဖက် စလုံးအတွက် နစ်နာလှပါတယ်။ ကျွန်တော်တို့ အနေနဲ့ အနုပညာလောကမှာ ဒီပြဿနာတွေ မြောက်မြားစွာ ကြုံခဲ့ပြီး ဖြစ်ပါတယ်။
တကယ်တော့ Fine art ဆိုတဲ့အဆင့်မြင့် အနုပညာတစ်ခုခုကို ဖန်တီးနေသူဟာ ပုဂ္ဂိုလ် တစ်ယောက်ချင်းနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီနေရာ မှာ ရုပ်ရှင်၊ ကပွဲ၊ သဘင်တွေကို Fine art ထဲမှာ ထည့်မထားသင့်ဘူး။ အနုပညာရှင်ဟာ သူ့အနုပညာ ပစ္စည်းကို သူဖန်တီးနေချိန်မှာ သူ့ရဲ့ ပြင်ပက ဘယ်လိုပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့မျှ မပတ်သက်လို့ ဘယ်သူ့ကိုမှလဲ အနှောင့် အယှက်ပေးတဲ့ ကိစ္စလို့ မယူဆဘူး၊ ဘယ်သူ့ကိုမှအန္တရာယ်ပေးနိုင်တဲ့ ကိစ္စလို့လဲ မယူဆနိုင်ဘူး။
ဒါကြောင့် သူဖန်တီးချင်သလိုဖန်တီးဖို့ အကြွင်းမဲ့ လွတ်လပ်ခွင့် ရှိတယ်။ အဲဒီ လွတ်လပ်ခွင့်ကို ဘယ်သူ့ဆီကမှ တောင်းနေရမှာ မဟုတ်ပါဘူး။ ဒါဟာ သူ ကိုယ်ပိုင် အခွင့်အရေးပဲ။ အနုပညာ လက်ရာကို သူကျေနပ်အားရတဲ့အထိ ပုံဖော်ပြီးမှသာ သူနဲ့ပဲ ဆိုင်တယ်။ ပြီးသွားပြီဆိုကြပါစို့။ သူ့တာဝန်လဲပြီးသွားပြီလို့ ပြောရမှာပဲ။
သူ့ လက်ရာတစ်ခု ပြီးသွားရင် “ဒါဟာ ခင်ဗျားတို့အတွက်ဖန်တီးတာပေါ့” ဆိုပြီး ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ပါဘူး။ အဲဒီလို ပြောသူတွေဟာ သူ့လက်ရာကို ရောင်းကုန်အဆင့်အထိ လျှော့ချနေသူ၊ ဒါမှမဟုတ် သူ့ကိုယ်သူ အများ အကျိုး ဆောင်ရွက်သူအဖြစ် ကြွားဝင့်နေသူပဲ ဖြစ်တယ်။ သူ့ လက်ရာကို စိတ်ဝင်စားလာအောင် လူကြိုက်များလာအောင် သွေးဆောင်ဖြားယောင် နေသူ ဖြစ်တယ်။
ဒါဆိုရင် အနုပညာဆိုတာ ဘာအတွက်လဲ လို့ မေးကြရဦးမယ်။ ဟုတ်တယ်၊ အမြဲတမ်းလည်း မေးနေကြရမယ့် မေးခွန်းလည်း ဖြစ်တယ်။ အဖြေလိုချင်ရင်တော့ ကိုယ်တိုင် လေ့လာစူးစမ်းရမှာပဲ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အဖြေတွေ အဓိပ္ပာယ်တွေက တူညီမှာ မဟုတ်သလို သူ့ အတိုင်းအတာနဲ့သူ၊ သူ့ရှုထောင့်နဲ့သူ ပယ်ထုတ် လို့ မရနိုင်တဲ့ ဖွင့်ဆိုချက်တွေဖြစ်နေလို့ပါပဲ။
မစူးစမ်းမလေ့လာဘဲ သူတစ်ပါးပြောတာ လက်ခံရင်တော့ သူတစ်ပါးရဲ့ ပိုက်ကွန်ထဲမှာ ရောက်ပြီး အနုပညာနဲ့ စည်းခြားသွားရမှာပဲ။ တချို့ကလဲ အနုပညာကို လေ့လာရင်းနဲ့ပဲ သူ အားသန်တဲ့ နယ်ပယ်ထဲကို ရောက်လို့ ရောက်မှန်း မသိ ဖြစ်သွားတတ်တယ်။ အနုပညာကိုပဲ သူအားသန်တဲ့ အမြင်ပညာရဲ့ လက်အောက်ခံအဖြစ် မြင်လာတတ်ကြတယ်။
#ဆရာကိုနော်၏အနုပညာအယူအဆ
#မောင်အောင်ဝင်းအယ်လ်ဘမ် ထဲမှ အနုပညာနဲ့ပတ်သတ်ပြီး ယူဆချက်များကို ကောက်နုတ်ဖော်ပြထားပါသည်။